မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ်ပေါင်း (၂၅) မြို့နယ်ရှိသည့်အနက် တစ်မြို့အပါအဝင်ဖြစ်သော
တောင်တွင်းကြီးမြို့သည် ရှေးဟောင်းသမိုင်းဝင်မြို့ဟောင်းတစ်မြို့ဖြစ်သည်။
ယခုကာလအခေါ် တောင်တွင်းကြီးမြို့ကို ရှေးက ပုဏ္ဏဝတီပြည်ဟုခေါ်တွင်ခဲ့ပြီး
ပျူတို့၏ တပ်မြို့ကိုးမြို့တွင် အပါအဝင်ဖြစ်သည်ဟုလည်း မှတ်သားရဖူးပါသည်။
ရှေးဟောင်းတရုတ်မှတ်တမ်းများနှင့် ထန်မင်းဆက်သမိုင်းသစ်တွင် တောင်တွင်းကြီးကို
တရုတ်တို့က 'တောက်လက်ဝမ်' ဟုရေးသားဖော်ပြကြသည်။
ပုဏ္ဏဝတီပြည်ခေါ် တောင်တွင်းကြီးမြို့၏ အနောက်ဘက် (၁၂) မိုင်အကွာတွင်
တည်ရှိသော ယခုကာလအခေါ် ဗိဿနိုး မြို့ဟောင်းကို ရှေးက
ပန်ထွာပြည်ဟုခေါ်တွင်ခဲ့ပြီး ရှေးဟောင်းတရုတ်မှတ်တမ်းများတွင်မူ တရုတ်လို လင်(န်)ယန်(န်)
ဟု ရေးသားဖော်ပြခဲ့သည်။ လင်ယန်သည် မွန် သို့မဟုတ် ရမည် (RAMEN) ကို
အသံလှယ်ထားခြင်းဖြစ်သည်ဟု ဆိုထားသည်။
လင်ယန်သည် တောင်တွင်းကြီးမြို့အနောက်ဘက်မှ ဗိဿနိုးမြို့ဟောင်းကိုခေါ်ဆိုကြောင်း
သမိုင်းပညာရှင်များက တိကျစွာဖော်ထုတ်ထားပြီးဖြစ်ပါသည်၊
မကွေးတိုင်း တောင်တွင်းကြီးမြို့အနီးတွင် ဗိဿနိုးမြို့ဟောင်း
ရှိသကဲ့သို့ အထက်ချင်းတွင်းရှိ မဟာမြိုင်ကြိုးဝိုင်းတွင်လည်း
ဗိဿနိုးမြို့ဟုခေါ်တွင်သော မြို့ဟောင်းတစ်မြို့ရှိပါသည်။
ပန်ထွာပြည်ခေါ် ဗိဿနိုးမြို့ကို သာသနာတော်နှစ် ၁၀၁ခုနှစ်၊ တပေါင်းလပြည့်နေ့တွင်
စတင်တည်ထောင်ခဲ့ပြီးပန်ထွာဧကရီ(ခ)ပန်ထွာမင်းသမီးက စိုးမိုးအုပ်ချုပ်ခဲ့သည်။
ပန်ထွာဧကရီသည် သာသနာတော်နှစ် (၆၀)
ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး ဗိဿနိုးမြို့ ကိုတည်ထောင်ချိန်တွင်
အသက်(၄၁)နှစ် အရွယ်ရှိပြီဖြစ်သည်ဟု ရာဇဝင်တို့တွင်ဆိုပါသည်။
ပန်ထွာပြည်ဗိဿနိုးမြို့တည်ထောင်သည့်ခုနှစ် (မြို့သက်တမ်း)
နှင့်ပတ်သက်၍ ပညာရှင်အသီးသီးက ခန့်မှန်းကြရာတွင် ဦးအောင်သော်က ခရစ်နှစ်(၁)
ရာစု၊ ဦးဘရှင်က ခရစ်နှစ်(၁) ရာစု၊ ဦးသန်းထွန်း (ရွှေဘို)က ခရစ်နှစ်
(၁)ရာစုမှ (၄-၅)ရာစု၊ ဒေါက်တာသန်းထွန်း၏ ဗိဿနိုးမြို့ဟောင်းဆောင်းပါးတွင်
ခရစ်နှစ် (၁)ရာစု၊ မြန်မာသမိုင်းနိဒါန်းတွင် ခရစ်နှစ်(၁)ရာစု၊
မြန်မာမီးဖုတ်မြေထည် ပစ္မည်းတွင် ဘီစီ(၂)ရာစုနှောင်း၊
မိုင်းမောမြို့ဟောင်းဆောင်းပါး တွင် ဘီစီ(၂)ရာစုအကုန်ပိုင်း၊
ဦးထွန်းအောင်ချိန်က ဘီစီ(၁)ရာစု၊ ဦးဌေးဝေက ဘီစီ(၂)ရာစု စသည်ဖြင့်
ခန့်မှန်းကြသည်။ ဗိဿနိုးမြို့ဟောင်းနှင့်ပတ်သက်၍ ရှေးရာဇဝင် (သို့မဟုတ်)
ဒဏ္ဍာရီတို့တွင်လာသည့်စကားတို့ကို ပညာရှင်အချို့က နှစ်သက်လက်ခံလေ့မရှိပါ။
သို့သော် အထက်တွင်ဖော်ပြခဲ့သော ခန့်မှန်းချက်များက သာသနာတော်နှစ် (၁၀၁)
နားသို့ တဖြည်းဖြည်း နီးကပ်လာသည်ကိုတွေ့နိုင်ပါသည်။
ဗိဿနိုးမြို့ဟောင်း၏ သက်တမ်းကို ခန့်မှန်းကြမှုများအားလုံးသည်
တူးဖော်ရာတွင်တွေ့ရှိရသော မီးသွေးနမူနာ၊ အဆောက်အဦးနှင့်၊
အခြားပစ္စည်းများကိုအခြေပြု၍ တွက်ချက် ခန့်မှန်းကြခြင်းဖြစ်သည်။
ဗိဿနိုးမြို့ဟောင်းကို စနစ်တကျတူးဖော်မှုများအရ အမှတ်(၂)ကုန်း၊
အမှတ်(၉)ကုန်း၊ နှင့် အမှတ်(၁၀)ကုန်း၊ တို့မှတွေ့ရှိရသော
မီးသွေးနမူနာတို့ကို ရေဒီယိုကာဗွန်နည်းဖြင့် ဓာဟ်ခွဲစမ်းသပ်ကြည့်ရာ
အမှတ်(၂)ကုန်း၊ မှမီးသွေးနမူနာသည် နှစ်ပေါင်း (၁၉၅၀)ခန့် (ခရစ်(၁)ရာစု)အမှတ်(၉)
ကုန်းမှမီးသွေးနမူနာသည်နှစ်ပေါင်း(၁၈၈၀)နှစ် (ခရစ်၂ရာစု)
အမှတ် (၂၀) ကုန်းမှမီးသွေး နှစ်မျိုးအနက် တစ်မျိုးသည် (၁၇၂၅) နှစ်
(ခရစ်၃ရာစု)၊ နောက်တွေ့ရသောတစ်မျိုးသည် (၁၆၅၀)နှစ် (ခရစ်၎ရာစု) ကြာပြီဟု
မှတ်ရပါသည်။ တစ်ဖန် ဗိဿနိုးရှိအဆောက်အဦးများကို လေ့လာကြရာ၌ အဆောက်အဦး၏
ပုံစံပန္နက်များသည် ရှေးဟောင်း အိန္ဋြိယနိုင်ငံ တက္ကသီလမြို့နှင့်
နာဂါဇုနကုဏ္ဍာဒေသရှိ ပုံစံများနှင့် တူညီကြောင်း၊ ထိုဒေသများရှိ
စေတီများနှင့် အဆောက်အဦးများသည် ဘီစီ၂ရာစုနှင့် အေဒီ (၄) ရာစုအကြားတွင်
တည်ဆောက်ခဲ့ခြင်းဖြစ်သောကြောင့် ဗိဿနိုးကို ဘီစီ (၂) ရာစုမတိုင်မီကပင်
တည်ဆောက်နိုင်ဖွယ်ရှိကြောင်းကိုလည်း လေ့လာဖတ်ရှူရ ပါသည်။ ထို့ပြင်
အမှတ် (၁၄) ကုန်းမှ တွေ့ရှိရသော အရိုးစုတစ်ခုကို သက်တမ်းတွက်ချက်ရာ၌
လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀) ခန့်ကအရိုးစုဖြစ်သည်ဟု သိရှိရသည်။ (၁၉၆၂) ခုနှစ်တွင်
နယူးဂျာစီမှ တွက်ချက်ပေးခြင်းဖြစ်သည်။
ဗိဿနိုးမြို့ဟောင်း၏ သက်တမ်းနှင့်ပတ်သက်၍ ပညာရှင်အသီးသီးတို့က
ခန့်မှန်းတွက်ချက်ဖော်ထုတ်ကြရာတွင် သမိုင်းသုတေတီပညာရှင်တစ်ဦးဖြစ်သူ
ဆရာကြီးဦးရည်စိန် (၁၉၂၄-၂၀၀၅ )သုတေသနအရာရှိ၊ ယခင် ရန်ကုန်တက္ကသိုလ်
သမိုင်းဌာန၊ အချိန်ပိုင်းကထိက) တင်ပြခဲ့ဖူးသောအကြောင်းအရာများ
အချက်အလက်များသည် စိတ်ဝင်စားဖွယ်ရာကောင်းလှသဖြင့် ဤနေရာတွင် အနည်းငယ်
တင်ပြပါမည်။ ဆရာကြီးဦးရည်စိန်က ခရစ်နှစ်(၃) ရာစုမှ (၅) ရာစုအတွင်း
ရေးသားဖော်ပြခဲ့သော တရုတ်ရှေးဟောင်းမှတ်တမ်းပါ အချက်အလက်များအရ ဖူနန် ၏
အနောက်ဖက် တွင် လင်ယန်နိုင်ငံရှိ၏။ ဖူနန်နှင့် လီပေါင်း (၇၀၀၀) ကွာဝေး၏။
ထိုဒေသတွင် ဗုဒ္ဓဘာသာကိုးကွယ်၏။ ရဟန်းသံဃာ သုံးလေးထောင်ရှိ၏။
ဥပုသ်နေ့ကျရောက်လာလျှင် နိုင်ငံအတွင်းသို့ သားငါးမဝင်ရ။ တစ်နေ့လျှင်
ဈေးနှစ်ကြိမ် ခင်းကျင်းရောင်းဝယ်ကြသည်။ နံနက်ဈေးတွင် ဆန်အမျိုးမျိုး၊
သစ်သီးဝလံများ၊ ပျားရည်ခဲ (ကြံသကာ) ကိုရောင်းဝယ်ကြ၏။
ညနေချမ်းအချိန်တွင်မူကား ပန်းမန်များကိုသာ ရောင်းကြသည်။
မြေပြန့်ဒေသဖြစ်သည်။ လူဦးရေအားဖြင့် အိမ်ထောင်စု တစ်သိန်းကျော်ရှိ၏။
ယောက်ျား မိန်းမတို့သည် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြ၍
ဗုဒ္ဓဘာသာကိုးကွယ်ကြသည်။ ရထား လှည်း သို့မဟုတ် မြင်းစီး၍သွားရသည်။
ရေလမ်းမရှိချေ ဟု ရေးသားတင်ပြခဲ့ပြီး၊ ယခု ကျွန်ုပ်တို့ခေါ်တွင်သော
ဗိဿနိုးမြို့ဟောင်း၏ သက္ကတအမည်သည် ဗြဟ္မာဝတ်ဖြစ်သည်။ အိန္ဋြိယ
တောင်ပိုင်းသားများကမူ ပုဂါမ ဟု ခေါ်သည်။ ထိုအမည်များသည် ခရစ်မပေါ်မီ (၂)
ရာစုတွင် ပေါ်နေပြီဖြစ်သည်ဟု ဆက်လက်သုံးသပ် တင်ပြထားပါသည်။ ဆရာကြီးဦးရည်စိန်၏
လေ့လာသုံးသပ်ချက်များသည် မင်းတုန်းမင်းတရားကြီးလက်ထက်
နေမျိုးမင်းလှသီရိသင်ခယာဘွဲ့ခံ မြေလတ်စစ်ကဲကြီး ပြုစုရေးသားသော
တောင်တွင်းကြီးမြို့သမိုင်းလာ အဖြစ်အပျက်များနှင့်သော်လည်းကောင်း၊ တောင်တွင်းကြီး ရာဇဝင်ဟောင်း၊
ရာဇဝင်သစ်တို့တွင် ဖော်ပြထားသော အကြောင်းအရာများနှင့်သော်လည်းကောင်း၊ ဦးကုလားရာဇဝင်ကြီး၊
မှန်နန်းရာဇဝင်ကြီး အစရှိသော ရာဇဝင်သမိုင်းလာ အဖြစ်အပျက်များနှင့်သော်လည်းကောင်း
များစွာခြားနားခြင်းမရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ တစ်ဖန် ပန်ထွာပြည် ဗိဿနိုးမြို့နှင့် ခေတ်ပြိုင်၊
ထီးပြိုင်နန်းပြိုင်ဖြစ်သော သရေခေတ္ထရာပြည့်ရှင် ဒွတ္ထပေါင်မင်းကြီးသည်
သာသနာတော်နှစ် (၁၀၁) ခုနှစ်တွင် နန်းတက်တော်မူကြောင်း သာသနာတော်ဝင်
မှတ်တမ်းများကဆိုပါသည်။ (မှတ်ချက်။ ဗိဿနိုးမြို့ တည်သောနှစ်ဖြစ်ပါသည်။)
ယခု သာသနာတော်နှစ် (၂၅၅၄) ဖြစ်၍ (၁၀၁) ကိုနှုတ်လိုက်လျှင် (၂၄၅၃) ရပါသည်။
(၂၄၅၃) မှ ယခုခရစ်နှစ် (၂၀၁၁)
ကိုနှုတ်လျှင် (၄၄၂) ရမည်ဖြစ်သောကြောင့် ဘီစီ (၄၄၂) သို့မဟုတ် ဘီစီ (၄)
ရာစုတွင် ဗိဿနိုးမြို့ ကိုတည်ထောင်ကြောင်း ယူဆနိုင်ပါသည်။ ဘီစီ(၂)ရာစုနှင့် (၄)ရာစု၊
ကွာခြားချက် (၂)ရာစုသာရှိပါတော့သည်။ နှစ်ပေါင်း (၂၄၀၀) ကျော်ခရီးတွင်
ကွာခြားချက် (၂) ရာစုကို မပြောပလောက်တော့ဟု ဆိုနိုင်ပါသည်။
ဗိဿနိုးမြို့ဟောင်းနှင့်ပါတ်သက်၍ ပညာရှင် သုတေတီ အသီးသီး (ဦးရေ ၄၀ကျော် ) တို့
လေ့လာဖော်ထုတ်ရေးသားခဲ့သော စာအုပ်စာတမ်း အမျိုးမျိုးတို့ကို
ဖတ်ရှူခဲ့ရဖူးပါသည်။ သဘောတူသည်များလည်းရှိ၍ သဘောမတူသည်များလည်း ရှိပါသည်။
နှစ်သက်စရာများတွေ့ရှိရသလို လွဲမှားနေသည်များလည်း တွေ့ရပါသည်။
လောကသဘာဝသာလျှင်ဖြစ်၍ အထူးမဆိုသာပါ။ ဗိဿနိုးမြို့၏ သက်တမ်းနှင့်ပါတ်သက်၍
ယခုတင်ပြခဲ့သမျှမှာလည်း အထက်ပါစာအုပ်စာတမ်းများကိုသာ အခြေခံပါသည်။
မိမိ၏အယူအဆနှင့် တင်ပြချက်များကမှန်သည်။ အခြားသူများ၏ ယူဆချက်များ
ကောက်ယူချက်များကမမှန်ဟု တင်ပြလိုသည်လည်းမဟုတ်ပါ။ ဤသို့လျှင် ဖြစ်တန်ရာ၏။
ဤသို့ယူသော် ရနိုင်ကောင်း၏ ဟူ၍သာ ဆိုကြရခြင်းဖြစ်ပါသည်။
မှော်ဘီဆရာသိန်းကြီး၏ ပါးစပ်ရာဇဝင် စာအုပ်တွင် ရာဇဝင်ဆိုသည်မှာ
(၁) ကမ္ဓည်းကျောက်စာတို့၌ ဖော်ပြသော ရာဇဝင်၊ (၂) အုပ်စိုးသောမင်း
အမိန့်တော်နှင့် ရေးသားသော ရာဇဝင်၊ (၃) သဘင်သည်တို့ကပြရသော ရာဇဝင်၊ (၄)
ပြောကြသော ပါးစပ်ရာဇဝင် ဟူ၍ (၄)မျိုးရှိကြောင်း - (၁)ကမ္ဓည်းကျောက်စာရာဇဝင်ကား
ရှေးရှေးကြီးက သုံးသော စကားအတိုင်း ကြိယာ အပိုနည်းလျက် ရှေးသုံး
အက္ခရာတို့နှင့်သာ တိတိကျကျ ရေးသားကြပေကြောင်း
(၂) မင်း၏အမိန့်တော်နှင့် ရေးသားရသော ရာဇဝင်ကား
အကြွားများသည်။ အချီးအမြှောက်များသည်။ မင်း၏အလိုတော်ကျအတိုင်း
ရေးသားကြရပေကြောင်း။ (၃) ဇာတ်ရာဇဝင်ကား အလွမ်းအဆွေးများပေကြောင်း။
(၄) ပါးစပ်ရာဇဝင်ကား ရာဇဝင်၌ပါသည်တို့ထက် အကားအားကြီးပေကြောင်း။ ဟူ၍
ပညာရှိကြီးတို့ မိန့်ဆိုသည်ကို နာခံမှတ်သားရဖူးသည်။
ဟု ရေးသားဖော်ပြထားပါသည်။ ယခုဆောင်းပါးသည်လည်း ရာဇဝင်လာအဖြစ်အပျက်များနှင့်
သိပ္ပံနည်းကျ တူးဖော်တွေ့ရှိရသော အထောက်အထားများကို နှိုင်းယှဉ်ချင့်တွေးလျက်
ရေးသားရခြင်းဖြစ်သောကြောင့် သဘောညီသည်များကိုယူ၍
မညီသည်များကိုပယ်နှုတ်နိုင်ပါသည်။ ယခုမျက်မှောက်ခေတ်၌ တွေ့မြင်ရသော
ပန်ထွာပြည် (သို့) ဗိဿနိုး မြို့ဟောင်းတွင် စာပေအနုပညာနှင့်
အခြားယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များ တွေ့ရှိရမှုနည်းပါးသေးသဖြင့် ဘာသာ
သာသနာနှင့် ယဉ်ကျေးမှုဆိုင်ရာတို့ ပြောပလောက်အောင် ထွန်းကားဖွံ့ဖြိုးမှု
ရှိပုံမရ ဟု ပညာရှင်တို့က ဆိုကြပါသည်။ သို့ရာတွင် ဗိဿနိုး မြို့ဟောင်း၏
နယ်နိမိတ်သည် များစွာကျယ်ဝန်းလှပြီး ယနေ့ခိုင်မာစွာ တူးဖော်လေ့လာခဲ့သော
နေရာပေါင်းသည် (၂၅) နေရာသာ ရှိသေးပါသည်။ တူးဖော်လေ့လာရမည့်နေရာ
အများအပြားပင် ကျန်ရှိနေပါသေးသည်။ နောင်အခါ အခြေအနေ အကြောင်းသင့်၍
မြို့ဟောင်းအနှံ့အပြားကို တူးဖော်ရှာဖွေနိုင်ခဲ့လျှင် ပိုမိုပြည့်စုံသော
အထောက်အထားများ တွေ့ရမည်ဟုယူဆမိပါသည်
မှတ်ချက်။ ။ ဤအကြောင်းရာများကိုတောင်တွင်းသမိုင်းစာအုပ်မှ
အကျဉ်းချုပ်၍ဖော်ပြရခြင်းဖြစ်ပါသည်
posted by ရဲမင်းလေး
No comments:
Post a Comment