ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာလူထုအတွက်တော့ ဘရန်း brand တစ်ခုဖြစ်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လုပ် ဘာပြောပြော ဘာမှမလုပ်ပဲနေရင်လဲ သူဟာ ဘရန်းတစ်ခု ဖြစ်သွားပြီလို့ ဆိုချင်ပါတယ်။ ရန်ကုန်မြို့ ပြည်လမ်းမပေါ်က တော်ဝင်ပလာဇာမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည် လာမှာမို့ စောင့်ဆိုင်းနေတဲ့လူအုပ်ကြီးဟာ သူ့ကိုတွေ့ရဖို့မသေချာပါဘူး။ ကားပေါ်ကဆင်းတယ်ဆိုတာနဲ့ဓါတ်လှေကားထဲတန်းဝင်ပြီး အပေါ်ထပ်ကိုတက်မှာဖြစ်ပါတယ်။ ကားပါကင်နေရာအထိလဲ လူတွေကို လူတွေကိုဝင်ခွင့်ပေးတာမဟုတ်ဘူး ။ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်ရဖို့တောင်မသေချာတဲ့ လူအုပ်ကြီးဟာ ဘာဖြစ်လို့ အပင်ပန်းခံစောင့်နေတာလဲ ဆိုတဲ့မေးခွန်းမေးစရာ ရှိလာပါတယ်။ အခန်းအနားတိုင်း...ပွဲတိုင်း...သူသွားတဲ့ နေရာတိုင်းမှာ ဒါမျိုးတွေကြုံရတယ်လို့သိရပါတယ် ။ အခုအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲချုပ် (NLD) ဘာလုပ်တာ ဘာပြောတာထက် ရွှေးကောက်ပွဲဝင်လိုက်ပြီ နိုင်ငံရေးပါတီ အဖြစ်တရားဝင်မှတ်ပုံတင်လိုက်ပြီ ဆိုတာထက် ဒေါ်အောင်ဆန်းစုကြည်ဆိုတာကိုပဲ လူတွေပိုစိတ်ဝင်စားနေတာတွေ့ရပါတယ် ။(NLD) ဆိုတာဟာလဲ (NLD) မဟုတ်တော့ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီပဲဖြစ်လို့နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေ ပြောဆိုမှုတွေကို ပြည်တွင်းပြည်ပ နိုင်ငံရေးနယ်ပယ် မီဒီယာနယ်ပယ် ကဝေဖန်တာ ကန့်ကွက်တာ ဆန့်ကျင်တာ တချို့ဆို ပယ်ပယ်နယ်နယ် မကောင်းပြောတာမျိုး ရှိနေပေမဲ့လူထုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလုပ်လုပ် ဘာပြောပြော ကြည်ညို လေးစား ချစ်ခင်နေတာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘရန်း တစ်ခုလို့ပြောမိတာပါ။ ပုဂံမှာ ပခုက္ကူမှာ မိထ္တီလာမှာ တွေ့လိုက်ရတဲ့ အဖြစ်အပျက်တွေကလဲ ဒီလိုပြောချင်စရာဖြစ်အောင် တွန်းပို့လို့နေပါတယ်။ ပုဂံနဲ့ပခုက္ကူမှာဆို ထ္မင်းဆိုင်တွေ လဘက်ရည်ဆိုင်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေနဲ့ပြည့်နေတာတွေ့ရပါတယ် ။ တစ်ချို့ဆိုင်တွေဆို ဒေါ်အောင်ဆန်းစုကြည် လာလည်တုန်းကတွဲရိုက်ထားတဲ့ပုံတွေကို ဂုဏ်ယူစွာ ပုံကြီးချဲ့ချိတ်ဆွဲထားတာပါ။ မိထ္ထီလာမှာဆိုရင် လည်းကွမ်းယာဆိုင်မှာတောင် ဒေါ်အောင်ဆန်းစုကြည်ပုံကို အနေအထားအမျိုးမျိုးနဲ့ ချိတ်ထားတာတွေ့ရပါတယ်။ရန်ကုန်နဲ့ အနီးတစ်ဝိုက်ကတော့ ပိုစတာဆိုင်တိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုချုပ်အောင်ဆန်းရုပ်ပုံတွေတင်ထားပါတယ်။ အလှူနဲ့ကထိန်ခင်းရာမှာတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကမလွတ်ပါဘူး။ ပိုစတာတင်မကဘူး သော့ချိတ်တွေ ပြက္ခဒိန်တွေမှာပါ ဒေါ်အောင်ဆန်းစုကြည်က နေရာယူထားတာပါ။ ဒေါ်အာင်ဆန်းစုကြည်ဟာ ရုပ်ရှင်မင်းသမီးလဲမဟုတ်ပါပဲ ရုပ်ရှင်မင်းသမီးတစ်ယောက်ထက်ကို လူတွေရဲ့အားပေးချစ်ခင်မှုကိုခံနေရတာပါ။ ရုပ်ရှင်မင်းသားမင်းသမီးတွေ အဆိုတော်တွေတောင် သူနဲ့အတူဂုဏ်ယူစွာ ဓာတ်ပုံတွဲရိုက်ချင်ကြတာ အများသိပြီးဖြစ်ပါတယ်။ ကြားခဲ့ရတဲ့သတင်းတစ်ခုအရ ပွဲတစ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓာတ်ပုံတွဲရိုက်ချင်သူတွေက သရုပ်ဆောင်အကယ်ဒမီ မင်းသား တစ်လက်ကို ကင်မရာပေးပြီးရိုက်ပေးပါဦး ပြောတဲ့အထိဖြစ်ခဲ့တယ်လို့သိရပါတယ်။ အကယ်ဒမီမင်းသမီး ထက်ထက်မိုးဦးရဲ့တီဗီကြော်ငြာတွေ ကြောက်ခမန်းလိလိပေါက်ခဲ့စဉ်ကာလ ၂၀၀၁... ၂၀၀၂ ဝန်းကျင်တုန်းက လူတွေဟာ ထက်ထက်မိုးဦးက ကုန်ပစ္စည်းကို ကြော်ငြာနေရုံတင်မကဘူး သူကိုတိုင်ကိုက ကြော်ငြာနေတဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်နေတာလို့ ပြောဘူးကြပါတယ်။ ထက်ထက်မိုးဦးဟာ ဘရန်းတစ်ခု ဖြစ်ခဲ့ဘူးပါတယ်။ အဲ့ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘရန်းတစ်ခု ဖြစ်နေပြီလို့ဆိုချင်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဘယ်သူနဲ့မိတ်ကပ်လိမ်းသလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖက်ရှင်ကို ဘယ်သူကရွှေးချယ်ပေးနေသလဲ ဒေါ်အောင်ဆန်းစုကြည်ဒီနေ့ဘာအရောင်ဝတ်သလဲ ကစလို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့စဉ်ဘာတွေစားသောက်နေလဲ သူ့ရဲ့ဖက်ရှင်ကဘာလဲဆိုတာတွေကို လူတွေစိတ်ဝင်စားကြတယ်လို့ ဆိုရင်မှာမယ်မထင်ပါဘူး။ အပေါ်က ထက်ထက်မိုးဦးဥပမာ မကြိုက်ကြဘူးဆိုရင်တော့ နောက်ထပ်ဥပမာပေးလို့ ရပါသေးတယ်။ အဲ့ဒါကတော့ ထိုင်းနိုင်ငံက ဥပမာပါ။ ထိုင်းနိုင်ငံမှာ ထိုင်းဘုရင်ကြီး ဘာမှမလုပ်နိုင်ပဲ ဒီအတိုင်းထိုင်နေရင်တောင် အလကားနေရင်း လေးစားနေကြသလိုပဲ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အလိုလိုနေရင်းဘာမှမပြောပဲ ဒီတိုင်းထိုင်နေလဲ လေးစားနေကြတဲ့သဘောတွေ့ရပါတယ်။ သူတစ်ခုခုပြောလိုက်ရင်လဲ ဘာပြောပြောလက်ခုပ်တီးအားပေးဖို့ အသင့်ရှိနေတာတွေ့ရပါတယ်။ ဒါအညင်းပွားစရာမလိုတဲ့ အချက်ပါ ။ထိုင်းဘုရင်ကြီးကို မဟုတ်မဟတ် တစ်ခုခုပြောမိရင် ထိုင်းတွေရဲ့ရန်ဝိုင်းတွေ့မှုကို ခံရမှဖြစ်သလို ကံမကောင်းရင် ရာဇဝတ်သင့်နိုင်သလိုပဲ ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း တခုခု လူထုရှေ့ပြောမိရင် တစ်ယောက်တစ်ချက်ဝိုင်းအားပေးကြမလား မပြောတတ်ပါဘူး။ " ဒေါ်စု အမေစု လေဒီ..စသည်ဖြင့် လူထုကချစ်စနိုးခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေပြည်တွင်းဂျာနယ်တွေမှာ ပါလာရင်ရောင်းကောင်းတယ်ဆိုတာ အားလုံးအသိပါ ။ ဒီဘရန်းက လူကြိုက်များတာကိုး ဒေါ်အောင်ဆန်းစုကြည်က ကယ်တင်ရှင်ကြီးမဟုတ်ဘူး စနစ်တစ်ခုကိုရုတ်တရက်ပြောင်းလိုက်နိုင်တဲ့ စွမ်းအားပိုင်ရှင်လဲမဟုတ်ဘူး ဟပ်ချလောင်းဆိုပြီး မြန်မာလူထုတစ်ရပ်လုံး ချမ်းသာသွားအောင် မြန်မာ့စီးပွားရေးတိုးတက်ပြောင်းလဲသွားအောင် လုပ်ပေးမဲ့မျက်လှည့် ဆရာမလဲမဟုတ်ဘူးဆိုတာ ပြည်သူလူထုကသိပါတယ် ။ ဒါကြောင့် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်တယ် မလုပ်ဘူး ဝေဖန်မနေပဲ ဒီအတိုင်း ဘရန်းတစ်ခုကို ရူးသွပ်သလို သူ့ကိုလေးစားချစ်ခင်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရှင်ကြီးလို့ ယူဆ နေရာပေးပြီး အားမလိုအားမရဖြစ်နေတာ သူမလုပ်ပေးနိုင်တာ ကိုမကျေမနပ်ဖြစ်နေတာက လူတစ်စုလောက်ပဲ ရှိလိမ့်မယ်လို့ယူဆပါတယ်။ ကျမအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘရန်းတစ်ခုလို့ ပြောလိုက်တာဟာ မလေးမစားပြုတာမဟုတ်ပါဘူး ။ လူတွေဟာ ဘရန်းကိုစွဲလန်းကြတာ အားလုံးအသိပါ ။ မန်ယူ ဘာလုပ်လုပ်ကောင်းတယ် ဆိုတဲ့သူတွေဒုနဲ့ဒေးပါ။ မန်ယူရှုံးသွားရင်လဲ ရည်းစားပူမိသလို အိပ်မပျော်ကြတာဟာ ဘရန်းကိုစွဲလန်းတာကြောင့်လို့ထင်ပါတယ်။မန်ယူမနိုင်မှန်းသိပေမဲ့ မန်ယူဘက်ကပဲ လောင်းမယ်ဆိုတဲ့သူတွေ ဒုနဲ့ဒေးပါ။ ဘယ်လိုပဲနာမည်ကြီးကားတွေပေါ်လာပေါ်လာ အသစ်အသစ်တွေဘာတွေလာလာ မာစီဒီးကိုမှစီးချင်တယ် ...ဘောက်ဝက်ဂွန်လေးပဲစီးမယ်ဆိုတာလဲ ဘရန်းကိုစွဲလန်းတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မြန်မာလူထုကြီးက စွဲလန်းနေတဲ့ ဘရန်းတစ်ခု ဘရန်းတောင်မှ လစ်မစ်တက် ဘရန်း....တစ်ခုတည်းသော လစ်မစ်တက် ဘရန်း ပြည်သူတစ်ရပ်လုံးက အားပေးတဲ့ ဘရန်းလို့ဆိုချင်ပါတယ်။
.မှတ်ချက် ... ဒီဆောင်းပါးကို မလေးရှားနိုင်ငံထုတ် အိုးဝေဂျာနယ်မှ ကူယူတင်ပြလိုက်ပါတယ်......(ထိုဂျာနယ်တွင် ရေးသားသူ ကလောင်နာမည် ထည့်မထားပါ)အတွဲ(၂)အမှတ်(၂၇)ဇန်နဝါရီ ၂၀၁၂ ဒုတိယအကြိမ်ထုတ်
ရဲမင်းလေး
No comments:
Post a Comment